စာပေပညာရှင် ၊ အနုပညာရှင်တွေ ရဲ့ ကိုယ်ပိုင်စိတ်ကူး၊ စိတ်သန်း အရ ဖန်တီးထားတဲ့ စာပေနှင့် အနုပညာလက်ရာများကို စတင်ဖန်တီးတဲ့ အချိန်ကနေစပြီး (Copyright ) စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေအရ အကာအကွယ်ရပါတယ်။
ဒါဆိုဘာကြောင့် မှတ်ပုံတင်စနစ်က ရှိနေတာလဲ? အသေးစိတ်လေ့လာကြည့်ရအောင်!
မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာမူပိုင်ခွင့်
မြန်မာနိုင်ငံမှာ စာပေနှင့်အနုပညာမူပိုင်ခွင့်လက်ရာများ အပေါ် မူပိုင်ခွင့်အကာအကွယ် (Copyright Protection) အတွက်အရေးကြီးတဲ့ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး အာဏာသက်ဝင်ခဲ့ပါတယ်။
အကာအကွယ်ရနိုင်သော လက်ရာများ
မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ အောက်ပါ လက်ရာများသည် အလိုလျောက်အကာအကွယ် ရရှိပါသည်။
စာအုပ်၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထု၊ သီချင်းစာသား
ပန်းချီ၊ ပန်းပု၊ အနုပညာဖန်တီးမှုများ
ရုပ်ရှင်၊ ဗီဒီယိုဖိုင်များ
ဂီတလက်ရာများ၊ သီချင်းသံစဉ်များ
ကွန်ပျူတာပရိုဂရမ်များ
ဓာတ်ပုံ၊ ဗီဒီယို၊ ပိုစတာ
သင်ရိုးညွှန်းတမ်း၊ Presentation
အဓိကအချက်အနေဖြင့် ဖန်တီးသူ၏ မူလလက်ရာဖြစ်နေသည့်အခါမှသာ အကာအကွယ်ရရှိ နိုင်ပါတယ်။
မှတ်ပုံတင်ရန်မလိုပဲ အလိုလျောက် အကာအကွယ်ရရှိခြင်း
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ မူပိုင်ခွင့်ကိုရရှိရန် IPD (Intellectual Property Department) တွင် မှတ်ပုံတင်ရန် မလိုပါ။
ဖန်တီးသူသည် လက်ရာကိုဖန်တီးပြုလုပ်ပြီးနောက် အလိုလျောက်အကာအကွယ် (Automatic Protection) ရရှိပါသည်။
သို့သော် မှတ်ပုံမတင်ထားသော လက်ရာတခုအား တုပချိုးဖောက်ခံရသည့်အတွက် အရေးယူဆောင်ရွက်ရာတွင် မူလလက်ရာရှင် ဖြစ်ကြောင်း အောက်ပါအချက်များအား သက်သေထင်ရှားပြသရန် လိုအပ်ပါသည်-
လက်ရာမူရင်း သို့မဟုတ် အီလက်ထရောနစ်မိတ္တူ
လက်ရာဖန်တီးသည့် ရက်စွဲ
ထုတ်ဝေသည့် မှတ်တမ်း သို့မဟုတ် သက်သေအထောက်အထား
အသိသက်သေ သို့မဟုတ် စာချုပ်စာတမ်း
စာပေနှင့် အနုပညာမူပိုင်ခွင့် ချိုးဖောက်မှုသည် ရဲအရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုဖြစ်သည့်အတွက် ပြစ်မှုဖြင့် တိုင်ကြားပါက မူပိုင်ခွင့်အခွင့်အရေးရှိသူဖြစ်ကြောင်း သက်သေပြရန် အထက်ပါ အချက်များအား မူပိုင်ခွင့်ဦးစီးဌာန၏ မှတ်ပုံတင်လက်မှတ်ရရှိထားပါက အလွယ်တကူ ဆောင်ရွက်နိုင်ပါသည်။
အကာအကွယ်သက်တမ်း
လက်ရာဖန်တီးသူအသက်ရှင်နေစဉ်ကာလအပြင် ကွယ်လွန်ပြီးနောက် နှစ် ၅၀ အထိ
အရုပ်အသံလက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာအတွက် စတင်ထုတ်လွှင့်သည့်နှစ် မှ နှစ် ၅၀ သို့မဟုတ် လက်ရာဖန်တီးပြီးနောက် ၅၀ နှစ်
အသုံးချ အနုပညာလက်ရာဖြစ်ပါက ယင်းလက်ရာ ပြုလုပ်ပြီးသည့် နှစ်မှ ၂၅ နှစ်
Moral Rights (ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေးများ)
ဖန်တီးသူသည် မည်သူဖြစ်ကြောင်း ဖော်ပြပိုင်ခွင့်ရှိပြီး ယင်း၏ လက်ရာကို မမှန်မကန် ပြင်ဆင်ခြင်း၊ မလျော်ကန်သော နည်းလမ်းဖြင့်အသုံးပြုခြင်းများကို တားဆီးနိုင်ပါသည်။
ဥပမာ – ပန်းချီဆရာတစ်ဦး၏ ပန်းချီကားကို အခြားသူပြန်ပြီး ဖြည့်စွက်ပြင်ဆင်သွားပါက Moral Right ချိုးဖောက်မှု ဖြစ်နိုင်သည်။
Economic Rights (စီးပွားရေးဆိုင်ရာအခွင့်အရေးများ)
ဖန်တီးသူသည် မိမိလက်ရာကို အသုံးပြုရန်အတွက် အခကြေးငွေတောင်းခံနိုင်ပြီး အခြားသူများအား အသုံးပြုခွင့်လိုင်စင် ပေးနိုင်ပါသည်။
ဥပမာ – သီချင်းတစ်ပုဒ်ကို ဗီဒီယိုတွင် အသုံးပြုရန်လိုပါက ဖန်တီးသူထံ အခကြေးငွေဖြင့် ခွင့်ပြုချက်ရယူရန် လိုအပ်ပါသည်။
Related Rights (ဆက်စပ်အခွင့်အရေးများ)
ဖန်တီးသူအပြင် အနုပညာလှုပ်ရှားမှုတွင် ပါဝင်သူများလည်း အခွင့်အရေး ရရှိပါသည်။
ဥပမာ –
မူလ သီချင်းရေးသူသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိပြီး သီချင်းအား ပါဝင်အားဖြည့်သည့် အောက်ပါသူတို့သည် ဆက်နွယ်သည့်အခွင့်အရေးရရှိပါသည်-
တေးသံရှင်များ
ပရိုဂျူဆာများ
အသံဖမ်းစတူဒီယိုများ
ထုတ်လွှင့်သူများ
သတိပြုရန်အချက်
မူလလက်ရာမဟုတ်ပါက မူပိုင်ခွင့်မရရှိနိုင်ပါ။
အသုံးပြုချင်လျှင် အခကြေးငွေ သို့မဟုတ် ခွင့်ပြုချက်ဖြင့် တောင်းယူသုံးစွဲပါ။
အခြားသူ၏ လက်ရာကို ခွင့်ပြုချက်မရှိပဲ အသုံးမပြုပါနှင့်။
မူလလက်ရာရှင်၏ အနုပညာခံစားမှုအပေါ် လေးစားပါ။
မူပိုင်ခွင့်အခွင့်အရေးရှိသူဖြစ်ကြောင်း အလွယ်တကူ သက်သေပြသနိုင်ပြီး ချိုးဖောက်မှု မခံရစေနိုင်ရန်အတွက် မှတ်ပုံတင်ထားခြင်းသည် အကောင်းဆုံး ကာကွယ်ဖြေရှင်းနည်း ဖြစ်ပါသည်။