နာမည်ကြီး သီချင်းတွေကို Cover Song ပြန်လည်သီဆိုတဲ့အခါ ခွင့်ပြုချက်တောင်းဖို့ လိုလားဆိုတာနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေကြတာလေးကို သေချာရှင်းလင်းသွားအောင် ရှင်းပြပေးပါမယ်။
ဘယ်သူ့ဆီက ခွင့်ပြုချက်တောင်းရမလဲ?
အဓိက သိထားရမှာက
တေးရေး (Composer / Lyricist)” ဆီက တောင်းရတာပါ
တေးဆို (Singer) ဆီက မဟုတ်ပါဘူး
Cover Song သီဆိုခြင်းနှင့်ပတ်သက်လာတဲ့အခါ ခွင့်ပြုချက်ကို ဘယ်သူ့ဆီက တောင်းရမလဲ ဆိုတာကို နားလည်ဖို့ အရေးကြီးဆုံးအချက်က သီချင်းတစ်ပုဒ်မှာ မူပိုင်ခွင့်အမျိုးအစားတွေ ခွဲခြားရှိနေတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ဟာ “သီချင်းရေးသားမှု” နဲ့ “သီချင်းသံသွင်းထားတဲ့ အသံဖိုင်” ဆိုပြီး မူပိုင်ခွင့်နှစ်မျိုး ခွဲထားပါတယ်။ Cover Song ဆိုတာက မူရင်းသီချင်းကို အသံအသစ်နဲ့ ပြန်လည်သီဆိုခြင်းဖြစ်တဲ့အတွက် အဓိက သက်ရောက်လာတာက သီချင်းရေးသားမှု (Musical Work) ပဲ ဖြစ်ပါတယ်။
ဒါကြောင့် Cover Song ကို သီဆိုတဲ့အခါ ခွင့်ပြုချက်တောင်းရမယ့်သူက တေးရေး (Composer) နဲ့ စာသားရေးသူ (Lyricist) ဖြစ်ပါတယ်။ သီချင်းကို ဘယ်သူရေးထားလဲ၊ ဘယ်သူက စာသား ရေးထားလဲ ဆိုတာက အဲဒီ သီချင်းရဲ့ အဓိက မူပိုင်ရှင်ဖြစ်ပြီး Cover Song မှာ သူတို့ရဲ့ ဖန်တီးမှုကို ပြန်လည်အသုံးပြုနေတာဖြစ်လို့ Commercial Use (ဝင်ငွေရှာဖို့ သုံးခြင်း၊ YouTube Monetization ဖွင့်ခြင်း၊ Live Show သီဆိုခြင်း) တွေမှာ မဖြစ်မနေ License ရယူရပါတယ်။ “Singer ကိုပဲ ခွင့်တောင်းလိုက်ရင် ရပါပြီ” ဆိုတဲ့ အမြင်က ဥပဒေအရ မမှန်ပါဘူး။
တေးဆို (Singer) က သီချင်းကို သီဆိုသူသာဖြစ်ပြီး အများအားဖြင့် သီချင်းရေးသားမှုကို မပိုင်ပါဘူး။ သီချင်းကို ကိုယ်တိုင် အသံသစ်နဲ့ ပြန်လည်သီဆိုတဲ့ Cover Song တွေမှာ Original Singer ရဲ့ အသံကို မသုံးဘူးဆိုရင် အဓိကအားဖြင့် Singer ဆီက ခွင့်ပြုချက်တောင်းရန် မလိုအပ်ပါဘူး။ အကြောင်းက Cover Song မှာ အသုံးပြုနေတာက Singer ရဲ့ အသံမဟုတ်ဘဲ Composer ရဲ့ သီချင်းရေးသားမှုကို အသုံးပြုနေတာ ဖြစ်လို့ပါ။
ဒါပေမယ့် Original Singer ရဲ့ အသံကို တစ်စိတ်တစ်ပိုင်းမဆို အသုံးပြုလိုက်ပြီဆိုရင် အခြေအနေက မတူတော့ပါဘူး။ ဥပမာ Original Track ကို Background အဖြစ် သုံးခြင်း၊ Karaoke Track မဟုတ်တဲ့ Original Instrumental ကို သုံးခြင်း၊ Duet လိုပုံစံနဲ့ Original Vocal ပါဝင်နေခြင်း၊ Original Recording ကို Sample လုပ်ခြင်း စတဲ့အခြေအနေတွေမှာ Singer နဲ့ Music Producer (Label) ဆီကပါ ခွင့်ပြုချက်လိုလာပါတယ်။ ဒီလိုအသုံးပြုမှုတွေဟာ Sound Recording Right ကို ထိခိုက်လာတာဖြစ်လို့ Composer တစ်ယောက်တည်းနဲ့ မလုံလောက်တော့ပါဘူး။
ထို့အပြင် Cover Song ကို ပြန်လည်ပြင်ဆင်ပြီး Remix လုပ်ခြင်း၊ Melody ပြောင်းခြင်း၊ Lyrics ပြောင်းခြင်း စတဲ့အခါတွေမှာတော့ မူရင်းသီချင်းကို အခြေခံပြီး ဖန်တီးထားတဲ့ Derivative Work ဖြစ်သွားတဲ့အတွက် Composer ရဲ့ ခွင့်ပြုချက်ကို အထူးလိုအပ်ပါတယ်။ ဒီအခြေအနေမှာ Singer က ခွင့်ပြုထားတောင် Composer က ခွင့်မပြုဘူးဆိုရင် ဥပဒေအရ မူပိုင်ခွင့်ချိုးဖောက်မှုဖြစ်နိုင်ပါတယ်။
အကျဉ်းချုပ်ပြောရရင် Cover Song သီဆိုခြင်းအတွက် အဓိက ခွင့်ပြုချက်တောင်းရမယ့်သူက တေးရေး/စာသားရေးသူ ဖြစ်ပြီး၊ Singer ဆီက ခွင့်ပြုချက်လိုတာက Original အသံဖိုင်ကို အသုံးပြုတဲ့အခါမျိုးမှာသာ ဖြစ်ပါတယ်။ အဲဒီအချက်ကို မသိဘဲ Singer တစ်ယောက်တည်းဆီက ခွင့်တောင်းပြီး Cover Song ကို Commercial အဖြစ် အသုံးပြုတာက မူပိုင်ခွင့် ချိုးဖောက်မှု ဖြစ်နိုင်ပါတယ်။
Prime IP & Legal Solutions ဖြင့် Music Industry ထဲမှာ လုပ်ကိုင်နေသူတိုင်းအတွက် “ သီချင်းကို ဘယ်သူရေးထားလဲ၊
သီဆိုမှုကို ဘယ်သူပိုင်လဲ” ဆိုတဲ့ အချက်နှစ်ချက်ကို အမြဲတမ်း ခွဲခြားစဉ်းစားပြီးမှ Cover Song ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။
Prime IP & Legal Solutions
Your Creation is Our Protection